ဆွစ်ဇာလန်အစိုးရသည် စိတ်ပါဝင်စားသော နိုင်ငံတကာကျောင်းသားများအတွက် ၂၀၂၆-၂၇ ပညာသင်နှစ် ဆွစ်ဇာလန်အစိုးရ ထူးချွန်ပညာသင်ဆု (Swiss Government Excellence Scholarship) အစီအစဉ်အတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။
ဤဆွစ်ဇာလန်အစိုးရ ပညာသင်ဆုသည် အရွေးချယ်ခံရသော လျှောက်ထားသူများကို ဆွစ်ဇာလန်နိုင်ငံရှိ တက္ကသိုလ်များတွင် မဟာဘွဲ့ (Master’s) သို့မဟုတ် ပါရဂူဘွဲ့ (PhD) သင်ယူနိုင်ရန် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးမည့်အပြင် လစဉ်နေထိုင်စရိတ် CHF 3,500 ပါဝင်သော အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
Table of Contents
ဤဆောင်းပါးတွင် စိတ်ပါဝင်စားသူများအတွက် ပညာသင်ဆု၏ အသေးစိတ်အချက်အလက်များ၊ လိုအပ်ချက်များ၊ ရရှိမည့်အကျိုးကျေးဇူးများနှင့် လျှောက်ထားရမည့်ပုံစံ အဆင့်ဆင့်ကို ဆွေးနွေးဖော်ပြသွားပါမည်။
Swiss Government Excellence Scholarship အကျဉ်းချုပ်
- အိမ်ရှင်နိုင်ငံ/အဖွဲ့အစည်း: ဆွစ်ဇာလန်အစိုးရ
- ပညာသင်ကြားရမည့်နေရာ: ဥရောပ (ဆွစ်ဇာလန်နိုင်ငံ)
- အမျိုးအစား: ဘွဲ့လွန်ပညာသင်ဆု | မဟာဘွဲ့ ပညာသင်ဆု | PhD ပညာသင်ဆု
- လျှောက်ထားနိုင်သည့်နိုင်ငံများ: နိုင်ငံအားလုံး (နိုင်ငံအလိုက် သတ်မှတ်ချက်များ ကွဲပြားနိုင်သည်)
- ထောက်ပံ့ကြေး: ကျူရှင်လခအပြည့်အဝ | လစဉ် CHF 3,500
- လျှောက်လွှာပိတ်ရက်: နိုင်ငံအလိုက် ကွဲပြားသည်
- ပညာသင်ဆု သတင်းများရယူရန်: WhatsApp တွင် ပညာသင်ဆုသတင်းများ လက်ခံရယူလိုပါက ဤနေရာကိုနှိပ်ပါ
Swiss Government Excellence Scholarship အသေးစိတ်
ဆွစ်ဇာလန်ဖက်ဒရယ်အစိုးရသည် ဆွစ်ဇာလန်နိုင်ငံနှင့် အခြားနိုင်ငံပေါင်း ၁၈၀ ကျော်တို့အကြား နိုင်ငံတကာ ပညာရေးဖလှယ်မှုနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း အစိုးရထူးချွန်ပညာသင်ဆုများကို ချီးမြှင့်လျက်ရှိသည်။
ဤပညာသင်ဆုသည် နိုင်ငံခြားမှ ပညာရှင်များနှင့် အနုပညာရှင်များအတွက် ဆွစ်ဇာလန်နိုင်ငံရှိ အစိုးရတက္ကသိုလ် ၁၀ ခု၊ ဆွစ်ဇာလန် ဖက်ဒရယ်နည်းပညာတက္ကသိုလ်ကြီး ၂ ခု၊ အစိုးရပိုင် သင်ကြားရေးနှင့် သုတေသနအဖွဲ့အစည်းများ၊ နှင့် University of Applied Sciences များတွင် ပညာသင်ကြားရန် ရည်ရွယ်ပါသည်။
ပညာသင်ဆုကို အမျိုးအစား နှစ်မျိုး ခွဲခြားထားပြီး လျှောက်ထားသူများအနေဖြင့် နှစ်သက်ရာတစ်ခုကို လျှောက်ထားနိုင်ပါသည်။
- သုတေသနပညာသင်ဆု (Research Scholarship): ဆွစ်ဇာလန်ရှိ Cantonal တက္ကသိုလ်များ၊ University of Applied Sciences များ၊ ဖက်ဒရယ်နည်းပညာတက္ကသိုလ်ကြီး ၂ ခု နှင့် သုတေသနအဖွဲ့အစည်း ၄ ခုတို့တွင် သုတေသနပြုလုပ်ရန် သို့မဟုတ် ပညာသင်ကြားရန်အတွက် ပေးအပ်ပါသည်။
- အနုပညာပညာသင်ဆု (Art Scholarship): ဆွစ်ဇာလန်ရှိ မည်သည့် ဂီတနှင့်အနုပညာကောလိပ် (Conservatory) သို့မဟုတ် အနုပညာတက္ကသိုလ်တွင်မဆို ပညာသင်ကြားရန်အတွက် ပေးအပ်ပါသည်။ ဤပညာသင်ဆုကို သတ်မှတ်ထားသော နိုင်ငံအချို့မှ ကျောင်းသားများသာ လျှောက်ထားနိုင်ပါသည်။
Swiss Government Excellence Scholarship ၂၀၂၆ အတွက် လိုအပ်ချက်များ
ဤပညာသင်ဆုကို ထည့်သွင်းစဉ်းစားရန်အတွက် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်-
- ပညာသင်ဆု စတင်ချိန်တွင် တက္ကသိုလ်ဘွဲ့ (ဘက်ချလာ/မာစတာ) ရရှိထားပြီးဖြစ်ရမည်။
- မိမိ၏ ပညာရေးထူးချွန်မှုနှင့် ရည်မှန်းချက်များကို ပြသနိုင်ရမည်။
- အသက် ၃၅ နှစ်အောက် ဖြစ်ရမည် (၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ သို့မဟုတ် နောက်ပိုင်းမွေးဖွားသူ)။
- သင်ကြားမည့်ဘာသာစကား (ပြင်သစ်၊ ဂျာမန်၊ အီတလီ သို့မဟုတ် အင်္ဂလိပ်) ကို ကျွမ်းကျင်စွာ တတ်မြောက်ရမည်။
- သုတေသနပညာသင်ဆုအတွက်: မည်သည့်ဘာသာရပ်မဆို သင်ယူနေသော ဘွဲ့လွန်သုတေသီများ (ဘက်ချလာ/မာစတာ ဘွဲ့ရရှိထားသူ) သည် ဆွစ်ဇာလန်သို့လာရောက်၍ ပါရဂူဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့လွန်အဆင့်တွင် သုတေသနပြုလုပ်ရန် လျှောက်ထားနိုင်သည်။
- အနုပညာပညာသင်ဆုအတွက်: ဆွစ်ဇာလန်တွင် မဟာဘွဲ့ (အနုပညာ) သင်ယူလိုသော အနုပညာကျောင်းသားများ လျှောက်ထားနိုင်သည်။
Swiss Government Excellence Scholarship နှင့် ထောက်ပံ့ကြေး
ဆွစ်ဇာလန်အစိုးရ ထူးချွန်ပညာသင်ဆုသည် ပညာသင်နှစ်တစ်လျှောက်လုံး အောက်ပါတို့ကို ထောက်ပံ့ပေးပါမည်-
- ကျူရှင်လခ အပြည့်အဝ
- လစဉ်နေထိုင်စရိတ် CHF 3,500
Swiss Government Excellence Scholarship ရွေးချယ်ရေး စံနှုန်းများ
လျှောက်လွှာများကို သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်အဖွဲ့အစည်းများနှင့်/သို့မဟုတ် ဆွစ်ဇာလန်သံတမန်ကိုယ်စားလှယ်ရုံးတို့မှ ပဏာမအဆင့် ရွေးချယ်မှု ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ပဏာမရွေးချယ်ခံရသော လျှောက်လွှာများကို နိုင်ငံခြားကျောင်းသားများအတွက် ပညာသင်ဆုဆိုင်ရာ ဖက်ဒရယ်ကော်မရှင် (FCS) မှ အကဲဖြတ်ပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်သည်။
FCS သည် လျှောက်လွှာများကို အောက်ပါစံနှုန်း သုံးခုဖြင့် အကဲဖြတ်သည်-
- လျှောက်ထားသူ၏ အရည်အချင်းနှင့် နောက်ခံအချက်အလက် (Candidate Profile)
- သုတေသနပရောဂျက် သို့မဟုတ် အနုပညာလုပ်ငန်း၏ အရည်အသွေး
- အနာဂတ် သုတေသနပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာနှင့် အပြန်အလှန်အကျိုးပြုနိုင်မှု
FCS ကို ဆွစ်ဇာလန်အစိုးရတက္ကသိုလ်အားလုံးမှ ပါမောက္ခများဖြင့် ဖွဲ့စည်းထားပြီး ပညာသင်ဆုချီးမြှင့်မှုကို ပညာရေးနှင့် သိပ္ပံနည်းကျ ထူးချွန်မှုအပေါ် အခြေခံ၍ ဆုံးဖြတ်ပါသည်။
Swiss Government Excellence Scholarship ၂၀၂၆ လျှောက်ထားနည်း
ဤပညာသင်ဆုကို လျှောက်ထားရန် အောက်ပါလမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ-
- စိတ်ပါဝင်စားသော လျှောက်ထားသူများသည် နောက်ထပ်အချက်အလက်များ သိရှိရန်နှင့် ကျောင်းများ ရွှေးချယ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။ ကြီးကြပ်မည့် ပါမောက္ခကိုလည်း တစ်ခါတည်း ရှာပါ။
- လျှောက်လွှာပိတ်ရက်နှင့် ပေးအပ်မည့် ပညာသင်ဆုအမျိုးအစားများကို နိုင်ငံအလိုက် ကွဲပြားသည့်အတွက် ဆွစ်ဇာလန်သံရုံးကို တိုက်ရိုက် ဆက်သွယ်နိုင်ပြီး လျှောက်လွှာအကြောင်းကို တိုက်ရိုက် မေးမြန်းနိုင်သလို၊ ပညာသင်ဆုနှင့် ပတ်သက်ပြီးသိလိုရာ အသေးစိတ်အချက်အလက်များကိုလည်း မေးမြန်းနိုင်ပါသည်။ သံရုံးကို ဆက်သွယ်လိုပါက ဒီနေရာကို နှိပ်ပါ။
- လျှောက်လွှာတင်ရန် ဒီလင့်ခ်ကို နှိပ်ပါ။
Swiss Government Excellence Scholarship ပညာသင်ဆုများအတွက် လျှောက်ထားရန် အသေးစိတ် ချက်များ
သင်သည် မာစတာအဆင့်နှင့် အထက် (ဥပမာအားဖြင့်- မာစတာ သုတေသန၊ PhD သုတေသန စသဖြင့်) ပညာသင်ဆုအတွက် လျှောက်ထားမည်ဆိုလျှင် ယေဘုယျအနေဖြင့် အောက်ပါတို့ကို ပြင်ဆင်ထားရန် လိုအပ်ပါသည်-
- CV (ကိုယ်ရေးရာဇဝင်အကျဉ်း) – သင်၏ ပညာရေး၊ ရရှိခဲ့သောဘွဲ့များ၊ သုတေသန/လုပ်ငန်းအတွေ့အကြုံ၊ ထုတ်ဝေခဲ့သော စာတမ်းများ (publications) နှင့် သင်ကြားရေး သို့မဟုတ် လက်တွေ့လုပ်ငန်းအတွေ့အကြုံများကို ထည့်သွင်းပါ။
- Motivation Letter (ရည်ရွယ်ချက်တင်ပြစာ၊ အများဆုံး ၂ မျက်နှာ) – သင်ဘာကြောင့် ဆွစ်ဇာလန်တွင် ပညာသင်ကြားလိုကြောင်း၊ ၎င်းသည် သင်၏အနာဂတ်ရည်မှန်းချက်များနှင့် မည်သို့ကိုက်ညီကြောင်း၊ ပညာသင်ဆုကာလပြီးဆုံးပြီးနောက် ဘာလုပ်ရန် စီစဉ်ထားကြောင်း ရှင်းပြပါ။
- သုတေသနအဆိုပြုလွှာ (Research Proposal၊ အများဆုံး ၅ မျက်နှာ) – သင်၏ သုတေသနခေါင်းစဉ်၊ ရည်မှန်းချက်များ၊ အသုံးပြုမည့်နည်းစနစ်များနှင့် အချိန်ဇယားကို ရှင်းလင်းစွာ ဖော်ပြပါ။ ကျွမ်းကျင်သူမဟုတ်သူများပါ နားလည်နိုင်မည့် အကျဉ်းချုပ်ကိုလည်း ထည့်သွင်းရေးသားပါ။ (အနုပညာပညာသင်ဆု လျှောက်ထားသူများအတွက် မလိုအပ်ပါ။)
- ဆွစ်ဇာလန်နိုင်ငံရှိ ပညာရေးဆိုင်ရာ ကြီးကြပ်သူထံမှ ထောက်ခံစာ – သင်၏ သုတေသနကို ပံ့ပိုးပေးမည့် ဆွစ်ဇာလန်ပါမောက္ခတစ်ဦးထံမှ ထောက်ခံစာကို မဖြစ်မနေ ရယူရပါမည်။
- ဆွစ်ဇာလန်ပါမောက္ခ၏ CV အကျဉ်း – ၂ မျက်နှာ သို့မဟုတ် ထို့ထက်မပိုရပါ။
- မိမိတက္ကသိုလ်မှ ကြီးကြပ်သူ၏ CV – သင်သည် သုတေသနဖဲလိုးရှစ် (Research Fellowship) အတွက် လျှောက်ထားပါက (PhD မဟုတ်ပါက) သင်၏ လက်ရှိကြီးကြပ်သူထံမှ CV အကျဉ်းကိုလည်း ထည့်သွင်းပေးရပါမည်။
- ကျောင်းဝင်ခွင့်အထောက်အထား – PhD ပညာသင်ဆုအတွက် လျှောက်ထားပါက ဆွစ်ဇာလန် PhD ပရိုဂရမ်တစ်ခုတွင် ဝင်ခွင့်ရရှိပြီးဖြစ်ကြောင်း အတည်ပြုချက်ကို ထည့်သွင်းပါ။
- ထောက်ခံစာ နှစ်စောင် (Reference Letters) – သင်၏ ဘာသာရပ်နယ်ပယ်မှ ပါမောက္ခနှစ်ဦးကို သင်၏ထောက်ခံစာများ တိုက်ရိုက်ပေးပို့ပေးရန် တောင်းဆိုပါ။
- ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ – သင်၏ အမှတ်စာရင်းများ (Transcripts) နှင့် ဘွဲ့လက်မှတ်များအားလုံးကို ပူးတွဲတင်ပြပါ။ အကယ်၍ ၎င်းတို့သည် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် သို့မဟုတ် အီတလီဘာသာစကားများဖြင့် မဟုတ်ပါက၊ တရားဝင်အသိအမှတ်ပြု ဘာသာပြန်ဆိုချက်များ (certified translations) ကို ထည့်သွင်းပါ။
- ကျန်းမာရေးထောက်ခံချက် – သင်သည် ခရီးသွားရန်/ပညာသင်ကြားရန် ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုရန်အတွက် ဆရာဝန်တစ်ဦးမှ တရားဝင် FCS ဖောင်တွင် ဖြည့်စွက်ပေးရပါမည်။
- နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ – သင်သည် နိုင်ငံသားနှစ်ခု ခံယူထားပါက နိုင်ငံကူးလက်မှတ်နှစ်ခုလုံး၏ မိတ္တူကို ပေးပို့ပါ။
- ဆွစ်ဇာလန်တွင် နေထိုင်ပြီးသူဖြစ်ပါက – သင်၏ နေထိုင်ခွင့်ကတ် (residence permit) သို့မဟုတ် မှတ်ပုံတင်လက်မှတ်မိတ္တူကို ပေးပို့ပါ။
အလားတူ အခွင့်အလမ်းများကို စိတ်ဝင်စားပါသလား?
အလားတူ အခွင့်အလမ်းများကို စိတ်ဝင်စားပါက အောက်ပါအချက်တွေကို ဖတ်သွားဖို့မမေ့နဲ့နော်။
- CV ရေးနည်း၊ Research Proposal ရေးနည်း စည့်လျှောက်လွှာအတွက် အထောက်အကူ ဖြစ်စေမယ့်စာများ ဖတ်ချင်ရင် ဒီနေရာကို နှိပ်ပါ။
- CV ရေးနည်းနှင့် ပတ်သက်ပြီး စာရေးသူ၏ ကိုယ်ရေးမှတ်တမ်းအကျဥ်းအား နမူနာကြည့်ချင်ရင် ဒီစာမျက်နှာမှာ လင့်ခ်ထည့်ပေးထားပါသည်။
- နောက်ထပ် ပညာသင်ဆုအခွင့်အလမ်းကောင်းတွေ ကြည့်ရှုဖို့ ဒီနေရာကို နှိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
အားလုံးပဲ အဆင်ပြေအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။